စစ်အာဏာသိမ်းပြီးနောက်ပိုင်း “ဗမာဖြစ်ခြင်း အဖိုးအခ” များကို ပြန်လည်သုံးသပ်ခြင်း၊

စစ်အာဏာသိမ်းပြီးနောက်ပိုင်း “ဗမာဖြစ်ခြင်း အဖိုးအခ” များကို ပြန်လည်သုံးသပ်ခြင်း၊

စတီဖင် ကဲမ်ဘဲလ်နှင့် အီလီရော့တ် ပရာ့စ် ဖရီးမင်းတို့က အမြစ်တွယ်နေသည့် ဗမာလူမျိုးကြီးဝါဒ နှင့် အဆင့်အတန်း ပေါ်အခြေခံပြီး ဖိနှိပ်ခြင်းများကို ကုစားရန် တပြိုင်နက် ဖြေရှင်း သင့်သည်ဟုဆွေးနွေးကြပါသည်။

စာရေးသူ၏မှတ်ချက်။ ။ အောက်ပါတို့မှာ ၂၀၂၀ အောက်တိုဘာလတွင် ထုတ်ဝေရန်လက်ခံပြီးဖြစ်သော  Journal of Contemporary Asia မှ “Revisiting the wages of Burman-ness: Contradictions of privilege in Myanmar,“ ခေါင်းစဉ်ဖြင့် အသေးစိတ်အချက်များအပါအဝင် အကျယ်တဝင့်တင်ပြထားသည့် ဆောင်းပါးအရှည်ကို အာဏာသိမ်းပြီးကာလနှင့် လိုက်လျော ညီထွေစွာ ပြန်လည် အကျဉ်းချုပ် ထားခြင်းဖြစ်ပါသည်။

 ယခုပို့စ် မူရင်း ကို ၂၀၂၁ ခု၊စက်တင်ဘာ ၈ရက်နေ့ကဖော်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ဒီမှာဖတ်ရှုရန်

မြန်မာပြည်ကို ကိုင်လှုပ်ခဲ့ပြီး၊ တိုင်းပြည်၏ အားနည်းသည့်လွတ်လပ်သောအသွင်ကူးပြောင်းခြင်းစမ်းသပ်ကာလတို့ကို

အဆုံးသတ်သွားစေသော ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခြင်းသည် သန်းပေါင်းများစွာသောမြန်မာပြည်သား

တို့အား ခံပြင်းဒေါသထွက်ခြင်း၊ရွံရှာမုန်းတီးခြင်းတို့ဖြစ်ကျန်ရစ်စေခဲ့သည်။ သို့သော် အရေအတွက်ထောင်ကျော်သည့် ဆန္ဒပြပြည်သူများကို စစ်တပ်၏ သတ်ဖြတ်မှုနှင့် စစ်တပ်၏ပေါ့လျော့ ဂရုမစိုက်မှုကြောင့်ကိုဗစ်-၁၉  ကပ်ရောဂါပိုး ကူးစက်မှု၊ သေဆုံးမှုများ ပိုမိုဆိုးရွားလာသော်လည်း လူထု၏ စစ်တပ်¹ အပေါ်ထားရှိသည့် ခံစားချက်တို့မှာ ပျက်ပြယ် အားလျော့သွားခဲ့သည်မရှိပါ။ အပိုင်းတစ်ခုအနေနှင့် ထင်မြင်ရသည်မှာ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူလူထုတို့က သူတို့၏ ခါးသီးသောအမြင်နှင့် အမျက်ဒေါသတို့ကို နိုင်ငံရေးအရဆောင်ရွက်ဖွယ်များအဖြစ် အသွင်ပြောင်းပစ် လိုက်ကြ သည်။ အတိအကျပြောရလျှင် အာဏာသိမ်းမှုကိုရှုတ်ချပြီး အာဏာမသိမ်းခင်ကဖြစ်တည်ခဲ့သည့် အခြေအနေကိုပြန်လည် တောင်းဆိုနေသည်ထက်၊ လူထု လှုပ်ရှားမှုများက စစ်တပ်ကအာဏာသိမ်းယူခြင်းကို အရင်က ဒီမိုကရေစီရသည်ဟုဆိုနေ သည့် ကာလ၏ ရှေ့နောက်မညီ အမြှီးအမောက်မတည့်ဖြစ်နေမှုအပေါ် သွယ်ဝိုက်ဖော်ညွှန်း၍ နားလည်လျက်ရှိပေသည်။ အချို့ဆန္ဒပြသူများအစောပိုင်းကာလများကမစဉ်းစားမိသည်များ ကိုပါ စဉ်းစားလုပ်ဆောင်လာကြသည်အထိဖြစ်သည်။ ထင်ရှားသည့်ပြယုဂ်မှာလူထုအုံကြွမှု့အစောပိုင်းကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏အရောင်ဖြစ်သောအနီ ရောင်ကိုရှောင်ကြဉ်ပြီး အနက်ရောင်ဖြင့်အစားထိုးဝတ်ဆင်ကြခြင်းက နိုင်ငံရေးအသစ်လိုအပ်နေခြင်းကိုညွှန်ပြနေခြင်း ဖြစ်သည်။

NLD ဗဟိုပြုသည့် နိုင်ငံရေးကိုအများစုက ဆက်လက်ယုံကြည်နေသေးသော်လည်း အခြားဆန္ဒပြသူများ – အထူးသဖြင့် အိသဉ္စာမောင် (ယခုNUG အစိုးရအဖွဲ့ မှ အမျိုးသမီးနှင့်လူငယ်ရေးရာဒုတိယဝန်ကြီး ) နှင့် သဉ္စာရွှန်းလဲ့ရည် ကဲ့သို့တက်ကြွလှုပ်ရှားသူများက နိုင်ငံရေးအသစ်လိုအပ်နေကြောင်းရှင်းလင်းစွာပြသခဲ့ကြသည်။  – ဒီနိုင်ငံရေးက အခုဖြုတ်ချခံရတဲ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချောင်ထိုးထားပီး နှစ်ပေါင်းများစွာကြာမြင့်နေတဲ့တိုင်းရင်းသား လူမျိုးစုတွေအကြားက မတရားမှုတွေကိုဖြေရှင်းနိုင်ရမယ်- ဟုသူတို့ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်း သားလူနည်းစုများကို အထက်စီးမှနေ၍ တိုင်းပြည်အကျိုးစီးပွားအတွက်အနစ်နာခံရန်၊တိုင်းရင်းသားလက်နက်ကိုင်များ ကိုညှိနှိုင်းရာတွင်လည်းစစ်တပ်သဘောအတိုင်းညှိ နှိုင်းခဲ့ပြီးလူမျိုးတုန်းသတ်ဖြတ်မှု့မှစွပ်စွဲခံရခြင်းကိုစစ်တပ်ဖက်မှကာ ကွယ်ပြောဆို ၍  အမျိုးသမီးအမြောက်အမြားကိုစစ်တပ်မှ မုဒိမ်းကျင့်မှုကိုလည်းငြင်းဆန်ခဲ့သည်။ မတူခြားနားသည်မှာ ပြည်သူအများ လမ်းမထက်တွင်အော်ဟစ်ကြွေးကြော်ခဲ့သည့်၊ ကိုင်ဆောင်ခဲ့သည့် ပိုစတာစာတမ်းများ တွင် နိုင်ငံ၏လူများစုဗမာများ၏ အလုပ်မဖြစ်ခဲ့သော၊ ယခင်ကဖြေရှင်းရန်ပျက်ကွက်ခဲ့သောတိုင်းရင်းသားအရေးကို ရည်ညွှန်းဖော်ပြထားကြပြီး အထက်ကဆိုခဲ့သည့်အချက်များကို သွယ်ဝိုက်ငြင်းပယ်ထားပါသည်။  စစ်တပ်က ပြည်သူ ပြည်သားများကို ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်ရန်အမြင်သာရှိကြောင်းကိုလည်းအများအပြားဖော်ပြခဲ့ကြသည်။

ဥပမာ- ထင်ရှားသည့် ပိုစတာတစ်ခုတွင်

“ပထမတော့ သူတို့ကရင်ကိုခြေမှုန်းတယ်၊ငါတို့ငြိမ်နေခဲ့တယ်၊ 

နောက်တော့ရိုဟင်ဂျာကိုခြေမှုန်းတယ်၊ငါတို့ငြိမ်နေခဲ့တယ်

အခုတော့ ငါတို့အားလုံးကိုခြေမှုန်းနေပီ။”

အခြားပိုစတာကြွေးကြော်သံများတွင်လည်းရိုဟင်ဂျာအပါအဝင်တိုင်းရင်းသား၊ လူနည်းစုများအပေါ် မတရားနှိပ်စက် ညှင်းပန်း မှု့ဆိုင်ရာ သတင်းများနှင့် လူမျိုးတုန်းသတ်ဖြတ်မှု့သတင်းများကိုမယုံကြည်ခဲ့မှု့  (သို့မဟုတ်) အရေးမယူပျက်ကွက်ခဲ့ခြင်းများကိုတောင်းပန်သည့် အနေဖြင့် ဖော်ပြကြသည်။ တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်ရေး (ပုံ-၁)ကိုအများအပြားရေးသားဖော် ပြကြသည်။ တချို့ကအာဏာသိမ်းမှုကို ဆန့်ကျင်သည့်အခါတွင် စစ်အုပ်ချုပ်ရေး ကောင်စီကိုသာဆန္ဒပြကြသည်မဟုတ်ပဲမြန်မာလူမျိုးကြီးဝါဒကိုပါရည်ရွယ်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ (ပုံ-၂)

____________________________________________________________________________________________

¹မြန်မာ့စစ်တပ်က သူတို့ကိုယ်တိုင်ကို တပ်မတော်ဟု ထီးနန်းဆန်စွာအဆင့်မြင့်မြင့်ခေါ်ဝေါ်သုံးစွဲသည်၊ ပြဌာန်းထား သည့်အချက်များကို လိုက်လံ ကြည့်ရှု့သည့်အခါ စစ်တပ်ကိုပုံဖော်ရာတွင် အကြမ်းဖက်သော အစုအဖွဲ့ ဆိုသည့် အခြေအနေတရပ်နှင့်ပင် မှတ်သားလောက်စရာဖြစ်နေလေပြီ။

ဗမာတွေယခင်ကကျူးလွန်ခဲ့သည့် အပြစ်များကိုဝန်ခံပြီးတောင်းပန်သင့်ကြောင်း မြန်မာဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်ပြော ကြားကြသော်လည်း ကိုယ့်ဟာကိုယ် ပြန်လည်ဆင်ခြင်အပြစ်ပေးခြင်းနှင့်အမှန်တကယ်သိသာ ထင်ရှားသည့်အပြောင်း အလဲတရပ်ဖြစ်ရန်လက်တွေ့ဆောင်ရွက်ရသည့်အဆင့်များမှာ ကွာဟချက်များရှိခဲ့သည်။ စစ်ကောင်စီကိုဆန့်ကျင်တော်လှန် ပြီးနောက်ပိုင်း ကာလတွင် စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်သည့်ကြေငြာချက်များ အပေါ်တိုင်းရင်းသားလူမျိုးများ၏ သံ သယကို အခြားတွင်ရှာစရာမလိုပါ၊ သူတို့၏ကော်မန့်များတွင်ဝင်ဖတ်လျှင်ပင်ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ ဥပမာ အားဖြင့် –  ဖေဖော်ဝါရီလ၂ရက်နေ့တွင်မင်းကိုနိုင်အကြမ်းရေးခြစ်ထားသော၊ သူ့ရဲဖော်ရဲဖက်များကမိမိတို့ အဖွဲ့မှ တစ်ဦး ကိုပေးသည့် နောင်တွင် CDM လှုပ်ရှားမှု့ဟူ ၍ ဖြစ်ပေါ်လာမည့်အစီအစဉ်စာရွက်တွင်(ပုံ-၃) တိုင်းရင်းသားများကိုတောင်းပန်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အွန်လိုင်းအသုံးပြုသူတစ်ဦးက တန်းတူညီမျှရေးအပေါ် သူ(ကိုမင်းကိုနိုင်)၏ ကတိနှင့် ပတ်သက် ၍ မည်မျှရိုးသားသလဲဆိုသည့် အပေါ်မေးခွန်းထုတ်ထားကာ “ကိုယ်အဆင်ပြေရင်ပြီးပြီဆိုပြီး Ethnics တွေနဲ့မပူးပေါင်းတော့ပဲ ခရီးဆက်ခဲ့သည်” ဟုဝေဖန်ရေးသားထားသည်။

(ပုံ-၃) မင်းကိုနိုင်၏ လက်ရေးမူဖြင့် စာ
2 “Ethnic” ဆိုသူတွေက မပူးပေါင်းခဲ့တာလား ကိုယ့်အတွက်အဆင်ပြေလာရင် “Ethnic” ဆိုသူတွေကို ဘေးထိုးထားပြီး Ethnic တွေနှင့် မပူးပေါင်းတော့ဘဲ ကိုယ်အဆင်ပြေရင် ပြီးပြီဆိုသလို ခရီးဆက်ခဲ့သူတွေက ဘယ်အဖွဲ့အစည်းတွေလည်း ပြန်မေးခွန်းထုတ်ချင်တာလေးပါ။

ဤ အချက်သည်ပင်အရေးတကြီးမေးခွန်းထုတ်စရာတစ်ခုဖြစ်လာခဲ့သည်- ယင်းမှာ မြန်မာနိုင်ငံရှိ များစွာသော လူများ အနေဖြင့် လူမျိုးစုများတရားမျှတမှုရရှိရေးအပေါ် မည်သို့မည်ပုံစဉ်းစားသနည်းဆိုသည့် နေရာတွင် ဤသို့ပြုမှုချက်များက တိုးတက်ပြောင်း လဲမှုတစ်ခုဖြစ်ခဲ့သည်ဆိုလျှင်၊ဗမာများကလည်းသူတို့ရရှိခဲ့သည့်အခွင့်ထူးများကို တကယ်ပြန်လှန် စစ်တမ်းထုတ်နေသည်ဆိုလျှင်၊၎င်းတို့ကို အနာဂါတ်လူ့အဖွဲ့အစည်းကိုပြောင်းလဲနိုင်မည့် ခိုင်မာထိရောက်သည့် နိုင်ငံရေး လမ်းစဥ်များတွင် မည်သို့အဓိပ္ပါယ်ဖွင့်ကာ အသုံးချမည်နည်း။ အထူးသဖြင့် ဗမာဗုဒ္ဒဘာသာလှုပ်ရှားမှုများကိုသာ အမှန်ဟု ထောက်ခံသည့် လက်ယာယိမ်း ဗမာများအတွင်း ယင်းသို့သော ဝန်ချတောင်းပန်သည့်လုပ်ရပ်များနှင့် အသိအမှတ်ပြုသည့် လုပ်ရပ်များသည် မည်မျှထိရောက်မည်ဟု မိမိတို့မျှော် လင့်နိုင်ပါမည်နည်း။ သူတို့တွင်တောင်းပန်စရာတွေ အခြားဘာများရှိ ရဦးမည်လဲဟုတွေးကြမည်လော။ ထို့အပြင် ဤသို့ အတွေး အခေါ်မျိုးမရှိသော်လည်းလွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းမြန်မာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု ဝေစုတွင်ဝေပုံမရရှိနိုင်ရန်ဖယ်ကြဉ်ခံရသူများကိုထည့်သွင်းစဉ်းစားလျှင် သူတို့ကအခြားတိုင်းရင်း သားများကိုညီအစ်ကိုမောင်နှစ်မကဲ့သို့ ရုတ်ချည်းသတ်မှတ်နိုင်ပါမည်လား။ ယင်းထက်သူတို့အသက်ရှင်ရပ်တည်ရေးနှင့် လူမှုဘဝမညီမျှမှုများတွင် အဟန့်အတားဖြစ်စေသည့် “တန်းစီရာတွင်ကျော်တက်သည့်သူများ”အဖြစ် မြင်နိုင်ခြေကပိုများ နေမည်လား (ပုံ-၄)။

(ပုံ-၄) မောင်မောင်ဖောင်တိန်ကာတွန်း။ မေ ၂၀၁၆။

ထိုယူဆချက်များအရ ဝန်ချတောင်းပန်ခြင်းနှင့် စနစ်ကပေးထားသည့်အခွင့်ထူးများကို (ကိုယ်တိုင်) အသိအမှတ်ပြုမှုများ သည် − မိမိတို့ အခေါ်တွင် “လစ်ဘရယ်အခွင့်ထူးခံသီအိုရီ” သည် − ကောင်းမွန်မြင့်မြတ်သည်ဟု ထင်ရသည့်လုပ်ရပ်များ ဖြင့် အပြစ်မှကင်းလွတ်ပြီဆိုသော်လည်း မညီမျှမှုများကတွဲလျက်ဆက်ပါနေဦးမည့်မြန်မာနိုင်ငံတွင် အမြစ်တွယ် နေသည့် လက်တွေ့ဘဝဖြစ်ရပ်များနှင့်ယှဉ်လိုက်လျှင်ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထိုပြဿနာများနှင့်ပတ်သက်၍ Journal of Contemporary Asia ဂျာနယ်တွင် ပါရှိသည့် ကျွန်ုပ်တို့ ၏ဆောင်းပါး Revisiting the wages of Burman-ness တွင် ယခု သီအိုရီ၏ဘက်ပေါင်းစုံကိုတင်ပြထားပြီးမြန်မာ နိုင်ငံရေးလေ့လာမှုနယ်ပယ်တွင် မည်သို့မည်ပုံကျင်လည်နေသည်ကို ဆွေးနွေး တင်ပြထားပါသည်။ ဤသီအိုရီ၏ အခွင့်ထူးခံဖြစ်မှုအပေါ် နက်ရှိုင်းစွာ လေ့လာသဘောပေါက်နိုင်ရန် တင်ပြမည် ဖြစ်ပြီး ထိုသို့ အခွင့်ထူးခံဖြစ်မှုအပေါ်ရာဒီကယ်ကျကျ ခြေခြေ မြစ်မြစ်နားလည်ခြင်းက အမြစ်တွယ်နေသောဗမာလူမျိုးကြီး ဝါဒကိုအခြေခံကျကျ ဖြေရှင်းကုစားနိုင်ရန် အ ဘယ်ကြောင့် အလား အလာရှိသနည်း ဆိုသည်ကို တင်ပြသွားမည် ဖြစ်ပါ သည်။

လစ်ဘရယ် အခွင့်ထူးခံသီအိုရီကိုပြန်လည်သုံးသပ်ဆင်ခြင်ခြင်း

ဗမာလူမျိုးများ၏အခွင့်ထူးများ ကိုဆန်းစစ်လေ့လာသုံးသပ်ခြင်းသည် မြန်မာအကြောင်းလေ့လာသည့်အသိုင်းအဝိုင်းတွင် အထူးရေပန်းစားလာခြင်းမှာ မက်သျူးဝေါလ်တန် ၏ လွှမ်းမိုးမှုရှိသည့် The Wages of Burman-ness ဆောင်းပါး ကြောင့် ဖြစ်သည်။ ဝေါလ်တန် က အမေရိကန်ပြည်ထောင်စုရှိ လူဖြူများရရှိသည့် အခွင့်ထူးများ ကိုရှင်းပြရာတွင်သုံးသည့် လူဖြူ အခွင့်ထူးခံသီအိုရီမှ အစချီထားသည်။ ယင်းက အမေရိကန်နိုင်ငံ၏ စနစ်တည်ဆောက်ပုံအရ အမြစ်တွယ်နေပြီး ကာလ အတန်ကြာသတိမပြုမိကြသည့် လူုဖြူတို့၏ ကြီးစိုးမှု၊ အခွင့်ထူးခံဖြစ်မှုကြောင့် ကြိုးစား အားထုတ်စရာမလိုပဲရရှိ သည့် ရုပ်ပိုင်းဆိုင်ရာအကျိုးခံစားခွင့်များ – “(လူဖြူဖြစ်ရခြင်း)အဖိုးအခများ” – ကို ပုံဖော်ထားခြင်းဖြစ်သည်။  ဝေါလ်တန်မှ ဆက်လက်ပြီး အမေရိကန်လူဖြူများနှင့်ဗမာများကိုယှဉ်ပြကာ ဗမာများအတွက်မူကား ထိုအခွင့်အရေးများရှိနေသည်ကို သတိပြုမိရန်ခက်ခဲကြောင်း အဘယ်ကြောင့်ဆိုသော် ဗမာများ သည်လည်း မြန်မာ့စစ်အစိုးရများလက်ထက်တွင်ဖိနှိပ်ခံခဲ့ရ ကြောင်း၊နှင့် လူအတော်များများက မြန်မာပြည်အတွင်းတိုင်းရင်းသားများပင်ပန်းဆင်းရဲစွာဖြတ်သန်းရသည့် မတန်တဆ ခံခဲ့ရမှုများကိုသတိထားမိသူမရှိကြောင်းဖော်ပြသည်။ ဝေါလ်တန် ၏ အတွင်း ကျကျလေ့လာချက်များထဲမှတစ်ခုမှာ ဥပမာ- စစ်တပ်လက်အောက်တွင် ဗမာနှင့်တိုင်းရင်းသားလူမျိုးစုများအကြား ဒုက္ခခံစားကြရပုံကို ဒေါ်အောင်ဆန်းစုကြည်၏ မှား ယွင်းသည့်ညီမျှခြင်းချခြင်း ကိုတင်ပြထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ သမိုင်းကြောင်းအရ အမှန်အကန်ဖြစ်ပြီး ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည့် တိုင်းရင်းသား ပဋိပက္ခများ ကိုလစ်လျူရှုရုံမက အနစ်နာခံရသူများ၏မျှော်လင့်ချက်ကင်းမဲ့နေရခြင်းများနှင့် ဗမာမဟုတ် သည့်တိုင်း ရင်းသားများ၏ဒုက္ခတို့ကိုပါအသိအမှတ်မပြုခဲ့ပါ။  မိမိတို့၏ တရားမျှတမှုမရှိသော အတွေ့အကြုံများ၊ ဖိနှိပ်ခံရမှုများကိုဘေးချိတ်ပြီး သူမ၏ခေါင်းဆောင်မှုအစီအမံနောက်သို့သာ လိုက်နာကြရန်ပြောခဲ့သည်။ (ဝေါလ်တန်၂၀၁၃း ၁၆)

ဝေါလ်တန်၏ဆောင်းပါးတွင်အကြံပြုစရာများစွာရှိပါသည်၊ အထူးသဖြင့်ထိုဆောင်းပါးမှာလွန်ခဲ့သည့်၁၀စုနှစ်ခန့် ကရေးသားထုတ်ဝေခဲ့၍ ဖြစ်သည်။ ဒါ့အပြင် သူ၏ဗမာများအပေါ် အာရုံစိုက်လေ့လာမှုမှာ ဘာဆက်လုပ်ရမည်ကိုအင် အားဖြစ်စေပြီး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်  နှင့် ဂုဏ်သိက္ခာ ရရှိလိုခြင်း တို့အပေါ် ပြစ်တင်ဝေဖန်ကြမှုများကို ထည့်သွင်းစဥ်းစားထားသည့်အတွက်ဖြစ်သည်။ ဝေါလ်တန်ရေးသားချက်အရ “ဗမာလွှမ်းမိုးမှုနှင့်ဗမာအခွင့်ထူးခံဖြစ်ခြင်း ကိုဖြေရှင်းကျော်လွှားနိုင်ရန်မှာ ဗမာများ၏ ရုန်းကန်ထကြွမှု၊ ငြင်းဆန် လက် မခံမှု(၂၁) ဖြင့်သာလျှင် အောင်မြင်နိုင်မည် ဖြစ်ပြီး “ဗမာများသည်သာလျှင် ဗမာအခွင့်ထူးခံဖြစ်မှုကို ကို စိန်ခေါ် နိုင်သော တစ်ခုတည်းသော အုပ်စု” (၂၂)ဖြစ်သည့်အတွက် ဟုဆိုပါသည်။

သို့သော် တကယ့်တကယ်တွင် ဗမာအခွင့်ထူးခံဖြစ်မှုကို ဝေါလ်တန်က ဆန်းစစ်သုံးသပ်မထားသည့် ရလာဒ်များဟု ယူဆ ထားသည်။ ထိုအခွင့်ထူးခံဖြစ်မှုသည် လူတစ်ဦချင်းစီ၏ ခံယူဘက်လိုက်မှုများကို စုပေါင်းထားသည့် စုစုစည်းစည်းလုပ်ရပ် အဖြစ်ပုံဖော်ထားပါသည်။ ဗမာတစ်ဦးချင်း၏မှန်ကန်သည့် လုပ်ရပ်များအဖြစ်  (နိုင်ငံတော်၊ လူ့အဖွဲ့အစည်း၊ အုပ်ချုပ်ရေး ယန္တရား၊ ဘာသာရေးအဆောက်အအုံများစသည်တို့ အပါအဝင်ဖြစ်သည့်) တစ်ခုလုံးသော နိုင်ငံရေးထုထည်ကြီးထံမှကိုယ် တိုင် ခွဲထွက် နိုင်သည့်ခံယူဘက်လိုက်မှု ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ ယင်းသို့သော ဆောင်ရွက်ချက်များက အချို့သောသူများ၏ စိတ်ကိုပြောင်းလဲစေနိုင်သည့် အရေးပါသည့်လုပ်ရပ်များအဖြစ် ကျွန်ုပ်တို့ စဥ်းစား၍ရပေသည်။ ဥပမာအားဖြင့် အမုန်းစကားပြောခြင်းကို ဆန့်ကျင်ခြင်း၊ ဝါဒဖြန့်ခြင်းကိုပြန်လည် မေးခွန်းထုတ်ခြင်း၊ တိုင်းရင်းသားပြည်သူများ၏ သမိုင်းအကြောင်းနှင့် အမြင်ကို ပိုမိုသိရှိနားလည်ရန် အခြားသူများအားတိုက်တွန်းခြင်း စသည့်လုပ်ရပ်များဖြစ် သည်။ သို့သော် မေးခွန်းမှာ ထိုလုပ်ရပ်များနှင့်လုံလောက်ပါပြီလား ဆိုသည့်မေးခွန်း ဖြစ်ပါသည်။ ကိုယ်ရရှိသည့်အခွင့်ထူး အတွက် လူအများကို ဝန်ချတောင်းပန်လိုက်ပြီး အမှန်တကယ်ပြုပြင်ပြောင်းလဲရန်တကယ့်လုပ်ရပ်ကနည်းနည်း သာလုပ်ပြ လျှင်တော့ ထိုပမာဏနှင့်ညီမျှသည့် အန္တရာယ်တော့ရှိမှာဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်မေး မြန်းခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းနှင့် ယင်းသည် စဥ်းစားပြုမှုခြင်း အပြောင်းအလဲဖက်သို့ ဦးတည်နေပါ သော်လည်း ရှေးယခင်သမိုင်းတလျှောက် အတိုင်း အဆမတူညီသည့် ရင်းမြစ်များခွဲဝေသုံးစွဲခြင်းကိုထည့်သွင်းစဉ်းစားလျှင် စီးပွားရေးဆိုင်ရာမညီမျှခြင်းများကိုပါ ဖြေရှင်း နိုင်မည့်နည်းလမ်းရှိပါသလားဆိုသည့် တကယ့်အမှန်တရားမှာ ကျန်ရှိနေဦး မည်ဖြစ်သည်။ ထို့ကြောင့်လူမျိုး/တိုင်းရင်းသား ဆိုင်ရာ တန်းမတူမညီမျှ ခြင်းများကို ချဉ်းကပ်ပုံသည် လစ်ဘရယ်ဖြစ်နေ ရခြင်း ဖြစ်သည်။ လူမျိုး ခွဲခြားရေး ကိုဆန့်ကျင်သည့် လစ်ဘရယ် ဆန်းစစ်လေ့လာမှုနှင့်ပတ်သက်၍ Harsha Walia (၂၀၂၁း၁၃) က “ အပေါ်ယံဆန်သည့် ကိုယ်စားပြုမှု နှင့် အပေါ်ယံဆန်သည့် ကိုင်တွယ်ဖြေရှင်းချက် (အလံဝှေ့ယမ်းရုံ)တို့ လောက်သာ စဥ်းစားနေပြီး လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်စေမည့် ရုပ်ဝတ္ထုဆိုင်ရာဖွဲ့စည်းတည် ဆောက်မှုအကြောင်းကို သေသေချာချာ ဆန်းစစ်ရန် တမင်ပျက်ကွက်သည်”ဟုရေးသားထားပေသည်။

ရာဒီကယ် အခွင့်ထူးခံသီအိုရီ

ဤသို့ဖြင့် ဝေါလ်တန်၏ အဆိုပြုချက်ကဗမာအခွင့်ထူးခံဖြစ်ခြင်းကို ထိုသို့သော စီးပွားရေးဆိုင်ရာတန်းတူညီမျှမှုမရှိခြင်းကို မကိုင်တွယ်ပဲဖြေရှင်းနိုင်သည်ဟူသော အလွဲကတိ တစ်ခုပေးခြင်းဖြစ်သည်။ ဝေါလ်တန်၏သီအိုရီတွင် လိုအပ်ချက်များရှိနေ ရခြင်း အကြောင်းမှာ စီးပွားရေးဆိုင်ရာတရားမျှတမှု သည် လူမျိုးရေးဆိုင်ရာတရားမျှတမှုနှင့် ရောယှက်နွယ်နေရုံသာမက အရင်းရှင် လူတန်းစားဆက်ဆံရေးမှာ လူမျိုးရေးဆိုင်ရာအကွဲကြောင်းဖြစ်စေခြင်းတွင်အရေးပါသောအခန်းဖြစ်နေသော ကြောင့် ဖြစ်သည်။ ဤသည်မှာ W.E.B. DuBois နှစ်ပေါင်း၁၀၀ကျော်က ပြောခဲ့ပြီး အတိုင်းအတာတစ်ခုအထိနေရာပေးခြင်း မခံရသည့် ရာဒီကယ် အခွင့်ထူးခံသီအိုရီမှ တင်ပြသည့် အခြားချဥ်းကပ်ပုံတစ်မျိုး၏ အဆိုပြုချက် တစ်ခုဖြစ်သည်။ ယင်းမှာ လူမည်းရာဒီကယ် ဖင်းမနစ်အစဥ်အလာတွင် ထည့်ဝင်တင်ပြချက်များ အထူးသဖြင့် Combahee River Collective, Audre Lorde, bell hooks, and Keeanga-Yamahtta Taylor တို့၏ ချဲ့ထွင်တင်ပြချက်များ နောက်ပိုင်းတွင်ဖြစ်သည်။ လူမျိုးရေး အခြေခံအခွင့်ထူးခံဖြစ်မှုကို ဝေဖန်စီစစ်သည့် ထိုရာဒီကယ် အမြင်ဖြင့်ပင်  လူဖြူဖြစ်ခြင်းကို  လူဖြူများကိုခပ် ထားသည့် “ဘူဇွာအဆိပ်” ဟု ပညာရှင် Noel Ignatin နှင့် Ted Allen တို့ကခေါ်ဝေါ် သည်။သို့သော် ထိုအဆိပ်ကိုပင် အုပ်ချုပ်သူလူ တန်းစားက လက်နက်သဖွယ်သုံးပြီး လူုဖြူမဟုတ်သူများ ကိုသာမက၊ ဆင်းရဲသားလူဖြူများကိုပါ နှိမ်နင်းရန် အသုံး ပြု သည်။ ³ ပိုပြီးတိကျစွာပြောရလျှင် ရုပ်သဘော/အတွေးအခေါ်သဘော ဆိုင်ရာ “အဖိုးအခ” ကို အားကြီး၍ လွှမ်းမိုးနိုင် သည့်လူမျိုး/တိုင်းရင်းသား တို့ထံတွင် ရရှိနေစေပီး၊ ထို အားကြီးသည့်တိုင်းရင်းသားများထဲမှ ဆင်းရဲသားများနှင့် အခြား အမြတ်ထုတ်ခံရသူများ ကိုလည်း မိမိအကျိုးစီးပွားကို လုံးဝလှည့်မကြည့် တော့သည်အထိ လူမျိုးရေးအခြေခံအုပ်ချုပ်ရေးစနစ်ကို ကာကွယ်စေရန် ဆွဲဆောင်ထားနိုင်ပေသည်။၊ ယင်းက သူတို့ အခြေအနေများကို ပိုမိုဆိုးရွားစေသည့်အရင်း ရှင်စံနစ်ကိုပင် ကာကွယ်စေရန်ဖြစ်သည် ။ နောက်တနည်းဆိုရသော်ဆင်းရဲသား ဗမာတစ်ယောက်မှ သူ့ယဉ်ကျေးမှုဓလေ့ ထုံးစံတို့ကို ကြီးကျယ် မြင့်မြတ်စေခြင်းအတွက်သော်လည်းကောင်း၊ အလုပ်ခွင်တွင် မဆိုသလောက်အခွင့်အရေး ပိုရသည့် အတွက်သော် လည်းကောင်း လက်ရှိစနစ်ထံမှ အကျိုးအမြတ်ခံစားနေစေခြင်းဖြစ်သည်။ ထိုခံစားရသည့်အကျိုးမှာ အမြတ် ထုတ် ဂုတ်သွေးစုတ်သည့် စံနစ်တစ်ခုလုံးကိုဆန့်ကျင်ငြင်းပယ်နေသည့်  ဗမာမဟုတ်သူ လူမျိုးစုများ၊ တိုင်းရင်းသားများ နှင့် ပူပေါင်းလျှင်ရလာမည့်အကျိုးနှင့်နှိုင်းစာလျှင် ဘာမှမပြောပလောက်ပေ။

လူမျိုးရေး/တိုင်းရင်းသား၊လူမျိုးစုရေးဆိုင်ရာအခွင့်ထူးများနှင့်ပတ်သက်သည့် ရာဒီကယ်သီအိုရီထုတ်ခြင်းကို ရှင်းပြပီး သောအခါ ထိုသီအိုရီ၏ အခြားအကြောင်းအရာတွင် ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာ အသုံးဝင်မှုကို အကဲဖြတ်ရန် မြန်မာ ပြည်ကိစ္စဖက်သို့ လှည့်ကြပါမည်။

ရာဒီကယ်အခွင့်ထူးခံသီအိုရီ မှတဆင့် တိုင်းရင်းသားလူမျိုးစုသမိုင်းကိုပြန်လည်သုံးသပ်ဆင်ခြင်ခြင်း

သူ၏ဆောင်းပါးတွင် ဝေါလ်တန်က သမိုင်းကြောင်းအရရှည်လျားသည့်တိုင်းရင်းသားဗမာတို့၏ လူမျိုးကြီးဝါဒကိုရှင်းပြ ထားသည်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကာလ လှုပ်ရှားမှုများတွင် အထူးသဖြင့် ဗမာတိုင်းရင်းသားများအနေဖြင့် လှုပ်ရှားခဲ့ ကြခြင်းဖြစ်သည် ဟုသူကဆိုပါသည်။ ၁၉ ၃၀ ပြည့်နှစ်များအတွင်း အမျိုးသားရေးလှုပ်ရှားသည့်အုပ်စုဖြစ်သည့် ဒို့ဗမာ အစည်းအရုံး — အမျိုးသားရေးလှုပ်ရှားမှုအားလုံးကိုကိုယ်စားပြု သည့်အနေဖြင့်သုံးခြင်းဖြစ်ပြီး “ဗမာ”ယဉ်ကျေးမှုဟု ထင်မြင်ရသော်လည်း(အမှန်တော့ ဗမာလူမျိုး ယဉ်ကျေးမှု) ကိုမြှင့်တင်ရန်ဖြစ်သည်။ (ဝေါ်လတန် ၂၀၁၃း၈) သို့သော် သူ၏ယူဆချက်ကို ၂၀၀၀ခုနှစ်က ဆောင်းပါးဖြစ်သည့် ဂျပန်လူမျိုးပညာရှင် Kei Nemoto ၏ “The  Concepts of Dobama (Our Burma) and Thudo-Bama (Their Burma) in Burmese Nationalism, 1930-1948” အပေါ် ကောက်ချက် လွဲမှားစွာ အခြေခံထားခြင်းဖြစ်သည်။ ထိုသို့ကောက်ချက်လွဲရာတွင် ဝေါလ်တန်က ဒို့ဗမာဟူသောစကားလုံးသည် သူတို့ဗမာ၊ ဗြိတိသျှနယ်ချဲ့နှင့်ပူးပေါင်းသူများအဖြစ်ရှုမြင်ခံရသူများ၊ ကို အတွင်းရန်သူအဖြစ် ဆန့်ကျင်စေကာ ဗမာလူမျိုးရေး ကွဲပြားမှုကိုပိုမို ဖြစ်စေသည်ဟု ခိုင်မာစွာအဆိုပြုပေသည်။ သို့သော် Nemoto ကရေးသားထားသည်မှာ ဗမာ ဟူသည့် ယူဆချက်သည်   အသေစွဲမြဲ နေသည်မျိုးမဟုတ်ပဲ အယူအဆ၏ပြောင်းလဲလွယ်မှု ကိုအလေးပေးထားပါသည်။ အဆို ပါယူဆချက်မှာလည်း မရေရာသည့် အမျိုးသားရေးဝါဒနှင့်ဆိုရှယ်လစ်ဝါဒတို့မှတည်ဆောက်ထားခြင်းဖြစ်ပေသည်။ ဒါ့အပြင် ဒို့ဗမာနှင့် သူတို့-ဗမာ အကြားအဓိကကွာခြား ချက်မှာ တိုင်းပြည်အတွက်ဆောင်ရွက်နေသူများနှင့် ထိုသို့ မဆောင်ရွက်သူ များပင်ဖြစ်သည်ဟု Nemoto က ထပ်မံ ရှင်းလင်းခဲ့သည်။ ဤတွင် သူတို့ဗမာ များသည် “ကိုလိုနီအစိုးရ နှင့်ပူးပေါင်းဆောင်ရွက်သည့် ဗမာများ” – အထူးသဖြင့် အိန္ဒိယ နွယ်ဖွားများ၊ တရုတ်လူမျိုးများ၊ နှင့် ကပြား (သွေးနှော ဘိုးဘွားများမှဆင်းသက်လာသည့် လူဖြူဖြစ်ချင်သောသူများ) ဖြစ်သည်။ (Nemoto 2000: 1) ဗမာ့ရိုးရာ စကားပုံ များနှင့် စာပေများတွင် တောင်ပေါ်လူမျိုးစုများကို “မယဉ်ကျေးသူများ” ဟုဖော်ပြနေစေကာမူ သူတို့ဗမာ အဖြစ်သတ်မှတ် ခံရ သူများ၏ မနှစ်မြို့စရာ နောက်ကွယ်ကလုပ်ရပ်များနှင့် စာလျှင် လုံးဝမနှိုင်းယှဉ်အပ်ပေ။ ထို့အပြင် မကြာမီက သမိုင်း သု တေသနပြုချက်များတွင် ပညာရှင် ကိုဖြိုးဝင်းလတ်က  ဒို့ဗမာအစည်းအရုံးတွင် ရခိုင်၊ ရှမ်း၊ အိန္ဒိယလူမျိုး၊ စသည့် လူမျိုး တို့သာ ပါဝင်သည်မဟုတ်ပဲ  “ဒို့ဗမာ မွတ်စလင်”များသည်လည်း မျိုးချစ်ဗမာမွတ်စလင်များ အဖြစ်တည်ရှိခဲ့ကြောင်း ဖော် ပြခဲ့သည်။ “ဒို့ဗမာ”ဆိုသောစကားရပ်ကို တိုင်းရင်းသားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ကို ဖော်ညွှန်းသည့်နာမ်တစ်ခုထက်လုပ် ဆောင်ချက်တမျိုး၊ အပြုအမူတစ်ခု ၏နာမဝိသေသန အဖြစ်သာမြင်ရန် သူကပြန်လှန် ဆွေးနွေးခဲ့ပါသည်။

____________________________________________________________________________________________

³Ignatin နှင့် Ted Allen, 1965, ၏”White Blindspot့“ တွင်ကြည့်ပါ

ဤတွင်  မိမိတို့မှအနည်းငယ်စိတ်အနှောက်အယှက်ဖြစ်စရာ အကြောင်းအရာတစ်ခု ဆက်လက်ပြောဆိုချင်ပါသည်။  “ဗမာလူမျိုး စကားရပ် သည် ပညာရှင်များပြောသည်ထက်ပို လွတ်လပ်ပွင့်လင်းမှုရှိပါသည် -ပျော့လွယ်ပြောင်းလွယ်မရှိ ဟုသတ်မှတ် ထားသည်ထက် များစွာနည်းပါးပါသည်- သို့သော်  ထိုလွတ်လပ်ပွင့်လင်းမှုသည် လူတန်းစား တရပ်ကိုရောင်ပြန်ဟပ်စေသော အုပ်ချုပ်ရေးမှသက်ဆင်းလာသည် ဆိုခြင်းဖြစ်သည်။  ထိုအဓိပ္ပာယ်အရ အဝန်းအဝိုင်း အပြင်ဘက်မှ “ဗမာမဟုတ်သူများ” ဝင်ရောက်လာမှု ပိုမိုဖြစ်ပေါ်လာစေခြင်းဖြင့် “ဗမာဖြစ်ခြင်း” သည် “လူဖြူဝါဒ” ထက် ပင်လူမျိုးခွဲခြားသည့်/ အခွင့်ထူးခံ အတန်းအစား ကိုဖော်ဆောင်ရာတွင်ပိုထိရောက်နေသည်။

အထူးသဖြင့် လွတ်လပ်ရေးရပြီးခေတ်တွင်မှ ဗမာဖြစ်မှုမှာ အခြားတိုင်းရင်းသားများနှင့်စာလျှင် လူ့မှုနယ်ပယ်ရှိအခွင့် ထူးတရပ်အဖြစ် ပုံဖော်တည်ဆောက်ခြင်းခံလာခဲ့ရသည့် – ကိုလိုနီနယ်ချဲ့ခေတ် အလွန် အရင်းရှင် စံနစ်နှင့် တွဲလျက် ပါ လာသောဖြစ်စဉ် တစ်ခုဖြစ်သည်ဟုမိမိတို့ မှဆွေးနွေး ပါသည်။ တကယ့်ဖြစ်ရပ်တွင် ပြည်တွင်းနေ အိန္ဒိယ နှင့် တရုတ် ဘိုးဘွားတို့မှဆင်းသက်သူများသည် ပိုင်ဆိုင်သည့်အရာများ လက်လွှတ်ဆုံးရှုံးရသည်တင် မဟုတ်ပဲ၊ သူတို့ပိုင်ဆိုင် သည့် ပစ္စည်းအများစုကိုလည်း မြေပြန့်ပြည်မသားများ(ဗမာများ)လက်သို့လွှဲပြောင်းခံခဲ့ရသည်။ သို့သော်ဦးနုအစိုးရ က စက်မှု ထွန်းကားရေးမှ ခွဲထုတ်၍မရနိုင်သော ဗမာပြုရေး ပါဝင်သည့် အရင်းရှင်စနစ် ခေတ်မီစွာ ဖော်ဆောင်ရေး ဆောင်ရွက်ခဲ့ သည်။ ထို့နောက် နေဝင်းက စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံတော်ကဦးဆောင်သည့် အရင်းရှင်စနစ် (နိုင်ငံပိုင်ပြည်သူပိုင် စံနစ်)ကို ဆောင်ရွက်ခဲ့ပြီး  အိန္ဒိယလူမျိုးများနှင့် မွတ်စလင်များကို ဆက်လက်နှိမ့်ချ ခွဲခြားဆက်ဆံခဲ့သည်။ ထိုအုပ်စုများခွဲခြား ဆက် ဆံခံရပြီး နောက် “ဖွံ့ဖြိုးတိုးတက်ရေး” မှာ များသောအားဖြင့်မြေပြန့်ပြည်မ တွင်သာဖြစ်နေခဲ့သည်။ ဗမာမဟုတ်သည့် အရပ်ဒေသများသို့ရောက်ရှိလာသည့် အနည်းအကျဉ်းမျှသော ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာလည်း ဗမာတံဆိပ်ကပ်ခံ ထားရပေသည်။  လမ်းများ၊ တံတားများ ဆိုသည်မှာ နိုင်ငံကပိုင်သည်ထက်စစ်တပ် အုပ်ချုပ်ရေး၏ ဖြန့်ကျက်မှု ပြယုဂ် သာဖြစ်သည်။

 “ဗမာ” ဆိုသည့် စကားသည်အမျိုး သားတိုးတက်ရေး၊ခေတ်မီခြင်း၊ နှင့်မြန်မာနိုငံအတွင်းဖွံ့ဖြိုးခြင်းတို့နှင့်သက်ဆိုင်လာခဲ့ပြီး ဗမာမဟုတ်သူ လူနည်းစုလူမျိုးများမှာခေတ် နောက်ကျသူများ-သို့သော် သွေးချင်းမောင်နှမဝမ်းကွဲ များအဖြစ်သာမကသေး “ပို၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဆီသို့ “ ချီတက်နေသည့်လမ်းကြောင်းတွင် အဟန့်အတားဖြစ်နေသည်ဟူ၍ပင် မှတ်ယူခံလာခဲ့ရပေသည်။ ပြည်မမြေပြန့်မှ ဝါဒဖြန့်မှုများ နှင့် သမရိုးကျအတွေး အခေါ်ရှိသူများတွင် တောင်ပေါ် သားတိုင်း ရင်းသားလူမျိုးစုများသည်ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အားဖြင့် (တိုင်းပြည်ကိုစွန့်ခွာခြင်းနှင့် သူတို့နှင့်အတူအရင်းအမြစ် များယူဆောင်သွားခြင်း) သော်လည်းကောင်း (သို့မဟုတ်) သွယ်ဝိုက်သောအားဖြင့် (ဒုက္ခပေးသူများ၊ ဒုက္ခများဆိုသည်မှာစစ် တပ်ဦးဆောင်အာဏာရှင်စနစ်ကို ဖြစ်စေသည့်အကြောင်းပြချက်အဖြစ်သော်လည်းကောင်း၊ ပြည်တွင်းစစ်သက်ဆိုးရှည်ရ သည့်အကြောင်းပြချက်အဖြစ်သော်လည်းကောင်း၊ ဖွံ့ဖြိုး တိုးတက်မှုကိုအဟန့်အတားဖြစ်စေသည့် အကြောင်းပြချက်အ ဖြစ်သော်လည်းကောင်း) – ဖင့်နှေးလျော့ကျစေသည်ဟု ပုံဖော်ခဲ့ကြသည်များရှိသည်။

လူမှုအသိုင်းအဝိုင်းတွင်အမျိုးအစားသတ်မှတ်ထားသည့် “ဗမာ” ၏အဖြေ မှာ တိုင်းရင်းသားလူမျိုးစုများနှင့်လုံးဝကွဲပြားပြီး ယခုအထိအတူပူပေါင်းနိုင်ခြင်းမရှိသေးသည့် အမျိုးအစားဟုပင်ဆိုရမည်။ ကျွန်ုပ်တို့အနေဖြင့် ဗမာဖြစ်ခြင်းကို အကောင်း ဆုံးအနေဖြင့် သဘောလက္ခဏာအကျယ်ဆောင်ပြီး (အကြမ်းဖျဉ်းအဓိပ္ပာယ်ဖွင့်ဆိုရလျှင်) အစဥ်အလာအရ “တိုင်းရင်းသား” ဆိုသည့် အရည်အသွေးတို့ပါဝင်သည့် ကိုယ်ပိုင်လက္ခဏာတစ်ခု (Identity) အဖြစ် နှင့်၊ တပြိုင်တည်းမှာပင်အခွင့်ထူးရနေ သည့် လူတန်းစား သဘောတရားပါဝင်သည့် ကိုယ်ပိုင်လက္ခဏာတစ်ခု အဖြစ် နားလည်သဘောပေါက်ရမယ်ဟု အဆိုပြု လိုပါသည်။  ထပ်မံရှင်းပြရလျှင် အချို့အကြောင်းကိစ္စများ၌ (ကျေးလက်ဒေသများတွင်) စကားပြောဆိုပုံ(ဗမာစကား)၊  ကိုးကွယ်သည့်ဘာသာ (ဗုဒ္ဒဘာသာ)၊ အလုပ်အကိုင်(စိုက်ပျိုးရေးကိုအခြေခံသည့် အသက် မွေးဝမ်းကျောင်း)၊  မျိုးရိုးဗီဇ ကိုခြေရာခံခြင်း(ဆွေမျိုးတော်စပ်ပုံ)၊ ကိုယ်ပေါ်တွင်ဝတ်စားဆင်ယင်ပုံ(အဝတ်အစား၊ မျက်နှာ လိမ်းခြယ်ခြင်း၊ ပါးရဲဆေး မင်ကြောင်ထိုးခြင်း)နှင့် အမည်ပေးခြင်း (ဗမာနာမည်ရှိခြင်း)တို့မှဗမာဖြစ်ခြင်းကိုဖော်ပြနိုင်သည်။ ထိုသို့ “အားကောင်း”သည့် ဗမာဆန်ခြင်း၊ ဗမာဖြစ်ခြင်းပုံစံနှင့် ကွဲလွဲဆန့်ကျင်စွာ  မြို့ကြီးပြကြီး (မြို့ပြဧရိယာ)တွင် သိသိသာသာထိုအချက် နှင့်ကွဲလွဲ သည်ကိုလက်ခံခွင့်ပြုထားသည်။ တကယ့်တကယ်တွင် ဗမာမဟုတ်သူ မိမိတို့၏လုပ်ဖော်ကိုင်ဖက်များ နှင့်သတင်းအချက် အလက်ပေးသူများက သူတို့၏နေ့စဉ်ဘဝတွင်ဗမာများကဲ့သို့နေထိုင်ကြကြောင်းပြောကြားသည်။ 

ကျွန်တော့်လိုမြို့ကြီးတွေမှာနေတဲ့သူတွေ၊တိုင်းရင်းသားစကားလည်းမပြောတတ်သူတွေ၊တိုင်းရင်းသားနာမည်လည်းမရှိ သူ တွေ၊ ဗုဒ္ဒဘာသာဝင်ဖြစ်သူတွေအနေနဲ့ အရင်ဦးဆုံး “ဗမာလို့ကိုယ့်ကိုယ်ကိုပြောဖို့မခက်ပါဘူး ကျွန်တော်ဗမာပါပဲမွန်၊ ပအို့ဝ်နဲ့တရုတ်ဆိုလည်းဟုတ်တယ် ဟုတစ်ဦးကပြောသည်။

ဆက်ရလျှင် ထိုသတင်းအချက်အလက်ပေးသူကပင် အဓိကထားပြောသည်မှာ သူဘယ်သူ “ဖြစ်”ပါသလဲ (ဗမာဟုတ်လား၊ ဗမာမဟုတ်ဘူးလား)ဟု မေးလျှင် သူ့၏ ပြောင်းလွယ်ပြင်လွယ် ရှင်သန်နေထိုင်ပုံ ကိုနားမလည်ရာကျနေသည်ဟုဖြစ်သည်။ ဆိုလိုသည်မှာ ဗမာလား/ ဗမာမဟုတ်ဘူးလားဆိုသည်ထက်  ဗမာဆိုလျှင်လည်းဟုတ်သည်၊ ဗမာမဟုတ်ဘူးဆိုလျှင်လည်း မှန်သည်ဟု ဆိုခြင်းဖြစ်သည်။

ယခုအချိန်တွင် ချုပ်ငြိမ်းလု ဖြစ်သော ၂၀၁၀ ခုနှစ်များ၏ “အကူးအပြောင်း” တွင်  တန်းတူညီမျှမှုမရှိခြင်း ပိုဆိုးလာသည်နှင့် အတူဓနဥစ္စာရှာရသည်မှာ လွယ်ရုံသာမက၊ ပိုင်ဆိုင်မှုစွန့်လွှတ်ရခြင်းနှင့် ဆင်းရဲသားများ၏ အသက်မွေးဝမ်းကျောင်းကိုဖျက် ဆီးခြင်း တို့ကို အားပေးခြင်းများပါရှိလာသောကြောင့် လူတစ်ယောက်၏ ဘဝလုံခြုံရေးအထိပါ တိုင်းရင်းသားဖြစ်မှုမှာ လည်း သက်ရောက်မှု လွှမ်းမိုးမှု ပိုမိုပြင်းထန်လာသည်။ ဤအချက်က အနည်းဆုံးအားဖြင့် မ−ဘ−သ လှုပ်ရှားမှုကို ဖယ် ကြဉ်ခံရသော၊ခွဲခြားဆက်ဆံခံရသော ဗမာ များကို ကူညီကယ်ဆယ်သည့် တိုင်းရင်းသားပေါင်းစုံအရေးလှုပ်ရှားမှု တရပ် အနေဖြင့် (ထိုတိုင်းရင်းသားများဆိုသည်ကလည်း ဗုဒ္ဒဘာသာဝင်များသာကြီးစိုးထားခြင်း) ရှင်းလင်းချက်တစ်ခု အနေဖြင့် ရှုမြင်နိုင်ပေသည်။

ဘာဆက်လုပ်သင့်သလဲ။

၁၉၆၃ ခုနှစ်ကထုတ်ဝေသည့် ရိုးမတိုက်ပွဲ ဝတ္ထုတွင် ချင်းတိုင်းရင်းသား စာရေးဆရာ ဗန်းမော်တင်အောင်က သမိုင်း တလျှောက် နောက်ခံအကြောင်းတရားများအဖြစ်ရှိနေသည့် – အထူးသဖြင့် မြေပြန့်ဗမာများနှင့် တောင်ပေါ်တိုင်းရင်းသား များအကြား4 နိုင်ငံရေး၊ စီးပွားရေး မညီမျှမှုကြောင့် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရန် ခက်ခဲမှုအကြောင်း အလေးပေးတင်ပြခဲ့သည်။ ဗန်းမော်တင်အောင် ကအကြံပြုသည့် သွေးစည်းညီညွတ်ရေးမှာ အလိုလို ဖြစ်လာသည် မဟုတ် သော်လည်း၊ သွေးစည်းမှုဖြစ်လာနိုင်သကဲ့သို၊ တစုတစည်းတည်း ချုပ်ခြယ်မှုမှကင်းလွတ်စေမည် မည်သည့် လုပ်ငန်းအ တွက် မဆို အဆိုပါ သွေးစည်းညီညွတ်မှုလိုအပ်သည် ဟု ရေးသားခဲ့သည်။  ထိုနည်းတူစွာမြန်မာနိုင်ငံတွင်တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားရခြင်းတာရှည်နိုင်သည့် ရုပ် ဝတ္တုဆိုင်ရာအခြေအနေများဖြစ်သည့် နိုင်ငံရေးစီးပွားရေး မညီမျှမှုကို ပိုမိုရှင်းလင်းသည့်ဆွေးနွေးခြင်းများပြူလုပ်ရန်မိမိတို့ ကအားပေးပါသည်။ ဤ ရှုထောင့်မှကြည့်လျှင် စစ်အုပ်ချုပ် ရေး ဆန့်ကျင်ရေး တွင် ရည်ရှည်တည်တံ့သည့်တိုင်းရင်းသားအားလုံး အချင်းချင်းစည်းလုံးညီညွတ်ရေး အတွက် ၂၀၂၁ ဖေဖော် ဝါရီအာဏာသိမ်းမှု အရင်က  တိုင်းရင်းသားတန်းတူမညီမျှကို ဖြစ်စေသည့် ရုပ်ဝတ္ထုဆိုင်ရာ တည်ဆောက်ပုံကို မေးခွန်းထုတ်ရန်တမင်ပျက်ကွက်ခဲ့သည့် လစ်ဘရယ်နိုင်ငံရေးအပေါ် ရှင်းလင်းပြတ်သားစွာ ဝေဖန်ဆန်းစစ်ရန် လိုအပ် ပေမည်။

မည်သို့ပင်ဖြစ်စေမြန်မာနိုင်ငံတွင်  ရုပ်ဝတ္ထုခြင်းမညီမျှမှုကိုဖြေရှင်းရန် ပျက်ကွက်ခဲ့သော အာဏာမသိမ်းမီ က လစ်ဘရယ်နိုင်ငံရေး သည် တောင်ပေါ်ရွာများမှတိုင်းရင်းသားလူနည်းစု ကိုသာနစ်နာစေသည်မဟုတ်၊ မြေပြန့်ရှိ ဆင်းရဲသားဗမာများ ကိုလည်း ထိခိုက်နစ်နာစေပါသည်။ ထိုအကြောင်းကြောင့်ပင် နိုင်ငံရေးစီးပွားရေးပြန်လည်တည်ဆောက်မှုအရေးကြီး လုပ်ငန်းများ (ဥပမာ မြေယာပြုပြင်ပြောင်းလဲရေး၊ စစ်တပ်မှပိုင်ဆိုင်သည့်ကုမ္ဗဏီများကိုနိုင်ငံပိုင်ပြုလုပ်ခြင်း၊ နှင့် အမှန် တကယ် ထိရောက်စွာ ဓနအင်အားပြန်လည်ခွဲဝေခြင်းစသည်တို့)မှာ မညီမျှမှုများကို ဖြစ်စေသည့် ရုပ်ဝတ္ထုဆိုင်ရာစနစ် (material structure) ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အလားအလာရှိပေသည်။ တောင်ပေါ်ဒေသများနှင့် ပြည်မဒေသများ  အကြားရှိနေသည့် မညီမျှမှု၊ ပြည်မဒေသတွင်ရှိနေသည့် အထက်တန်းအလွှာ (အီလစ်အလွှာ) မှသူများနှင့် ခွဲခြားခံ ဘေးဖယ် ထုတ်ခံပြည်သူများအကြား မညီမျှမှု စသည်ပြဿနာများကိုပါ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အလားအလာရှိပေသည်။ ထိုမူဝါဒများ မှာ တိုင်းရင်းသား အားလုံး အချင်းချင်း ဆက်ဆံရေး ကျိန်းသေ တိုးတက်ရန် မလုံလောက်သော်လည်း၊ တိုင်းပြည်ကို ဆယ်စုနှစ်များစွာသိမ်းပိုက်ထားသည့် သူတို့လူမျိုးတူအချင်းချင်းမှာပင် စီးပွားဖြစ်နေ သည့် လူ့မလိုင်အလွှာ ထက်စာလျှင်၊ လူမျိုးမရွေး ဘာသာမရွေး ပျမ်းမျှ မြန်မာနိုင်ငံသားများအကြား ဘုံတူညီသည့်အချက် ကိုအလေးပေး ဖော်ပြသော၊  မြန်မာပြည်သမိုင်း တွင်အမြောက်အမြားရှိခဲ့သောလက်ဝဲအတွေးအခေါ်ံ   အပေါ် တည်ဆောက် ထားသည့် နိုင်ငံရေး က တတ်စွမ်းနိုင်ကောင်းလိမ့်မည်။


စတီဖင်ကဲမ်ဘဲလ်သည်  စင်္ကာပူနိုင်ငံ နမ်ယမ်း နည်းပညာတက္ကသိုလ် လူမှု့ရေးသိပ္ပံဌာန မှဒုတိယပါမောက္ခဖြစ်သည်။

အဲလီရော့တ် ပရာစ့် ဖရီးမင်း သည် စင်္ကာပူ အမျိုးသားတက္ကသိုလ်၏ လူမှုရေးပညာဌာန မနုဿဗေဒဌာနမှ ဒုတိယ

ပါမောက္ခဖြစ်သည်။

ယခုပို့စ်ကို လဘက်ရည်ဝိုင်း၏ဘာသာပြန်အဖွဲ့မှ့မြန်မာဘာသာ ပြန်ဆိုပါသည်။

4 စတီဖင် ကဲမ်ဘဲလ် ၏ “Negotiating antifascist solidarity across ethnic difference in Myanmar: Bhamo Tin Aung’s Yoma Taikbwe,” Critical Asian Studies တွင်ကြည့်ပါ။